ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် ဗုံးသီး၊ ကျည်ဆန်တောင့်များနှင့် ဆက်စပ်ပစ္စည်းများကို အင်းစိန်မြို့နယ် နေအိမ်တစ်ခုရှိ ရေတွင်းပျက်အတွင်းမှ တူးဖော်တွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နေအိမ်တစ်ခု၏ ရေတွင်းပျက်အတွင်းမှ ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် ဗုံးသီးများ၊ ကျည်ဆန်တောင့်များနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ သတင်းပေးချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နေ့လယ်မှ ညပိုင်း အထိ တူးဖော်ရှာဖွေခဲ့ရာတွင် ဗုံးသီးဟောင်း အရှည် ၂ ပေ ၆ လက်မ တစ်လုံး အပါအ၀င်ဗုံးမျိုးစုံ ၉၀ လုံး၊ ကျည်ခွံတောင့် အရေအတွက် ၃၀၀ ကျော်တွေ့ရှိခဲ့ပြီး ဆက်လက်တူးဖော် ရှာဖွေရာ၌ ဖေဖော်ဝါရီလ ၁၃ ရက် နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဗုံးသီးထိပ်ဖူး ၄၀ ကျော်နှင့် ကျည်တောင့် ၂၈ တောင့်တို့ ရှာဖွေတွေ့ရှိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ယင်းဗုံးသီးများနှင့် ကျည်ဆန်တောင့်များကို အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် ရွှေပြည်အေးလမ်းရှိ နေအိမ်တစ်ခုရှိ ရေတွင်းပျက်ဟောင်း အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး၊ အဆိုပါအိမ်မှာ ပုလင်းဟောင်းနှင့် ဒန်အိုးဒန်ခွက်ဟောင်းများ ၀ယ်ယူရောင်းချသည့် အိမ်ဖြစ်ကြောင်း သိရှိရသည်။
နံ့သာကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ဝင်းက “မွန်းတည့် ၁၂ နာရီလောက်မှာ အင်းစိန် ရဲစခန်းမှ တာဝန်ရှိသူတွေနဲ့ သတင်း ရရှိတဲ့အိမ်ကို သွားပြီးစစ်ဆေးတဲ့အခါ မှာ ရေတွင်းပျက်ထဲက ဒုတိယကမ္ဘာစစ် လက်ကျန်လို့ ယူဆရတဲ့ ဗုံးသီးဟောင်း၊ ကျည်ဆန်ခွံတွေ အများအပြား တူးဖော်တွေ့ရှိရပါတယ်။ ဆက်ပြီးတော့လည်း တူးဖော် ရှာဖွေသွားပါမယ်။ ၀င်စစ်တုန်းက အဲဒီရေတွင်းက ပစ္စည်းတွေနဲ့ ကွယ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုလက်ရှိအချိန်အထိရှာဖွေ တွေရှိခဲ့သည့် ဗုံးသီးဟောင်းများနှင့် ကျည်ဆန်တောင့်များမှာ အန္တရာယ် မဖြစ်နိုင်တော့ကြောင်းနှင့် ရေတွင်းထဲတွင် ရှိနေသည့် သက်တမ်းမှာ ငါးနှစ်ဝန်းကျင်ရှိနိုင်ကြောင်း ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “အခုတွေ့ ရှိတဲ့ပစ္စည်းတွေက အဲဒီရေတွင်းပျက်ဟောင်း အတွင်းထဲမှာ မြေကြီးတွေနဲ့ မြှုပ်ထားတာ နှစ်တော်တော်ကြာပြီလို့ ခန့်မှန်းနိုင်ပါတယ်။ တွေ့ရှိတဲ့ ဗုံးသီးတွေ၊ ကျည်ဆန်တောင့်တွေက အခွံတွေကြီးပဲ တွေ့ရှိရပါတယ်။ အထဲက ယမ်းတွေမပါပါဘူး။ တချို့ ပစ္စည်းတွေဆိုရင် တစ်ခုချင်းလိုက် တွေ့ရတယ်။ တချို့ပစ္စည်းတွေက ပီနံအိတ်တွေနဲ့ ထည့်ထားတာ တွေ့ရတယ်”ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Tags:
..Other
Source: The article first appeared on www.news-eleven.com